ပုရွက်ဆိတ်တွေသင်ပေးတဲ့ ခေါင်းဆောင်ခြင်းပညာ

ants
ပုရွက်ဆိတ်တွေသင်ပေးတဲ့ ခေါင်းဆောင်ခြင်းပညာ unsplash.com

အနှစ်ချုပ်

အဖွဲ့အစည်းတွေမှာ ခေါင်းဆောင်တွေထက် အဖွဲ့သားတွေကို ပိုဦီးစားပေးပါ။
အဖွဲ့အစည်းတွေကို လူမှန်နေရာမှန် ဖွဲ့ပါ။
အဖွဲ့အစည်းထဲကလူ အားလုံးသဘောတူလက်ခံမယ့် ပန်းတိုင်ထားပါ။
အဖွဲ့အစည်းထဲက အဖွဲ့သားအချင်းချင်း ပြန်လည်သုံးသပ်ခိုင်းပါ။
အဖွဲ့အစည်းအတွင်းက တစ်ဦးစီကို ပွင့်လင်းမြင်သာစွာ ပြောဆိုတိုင်ပင်ခိုင်းပါ။
အဖွဲ့အစည်းတွေမှာ ကြုံလာရတဲ့ အပြောင်းအလဲတွေကို လက်ခံကြပါ။
အဖွဲ့အစည်းထဲမှာ ဘာ‌ေတွသုံးပြီးဘယ်လိုလုပ်ရမယ်ကို အချင်းချင်းသင်ပြ‌ပါ။

ကိုယ့်ရဲ့ မူလစရိုက်သဘောထားနဲ့့ ကိုက်ညီတဲ့ အလုပ်တာဝန်တွေကို လုပ်ပါ။
ဒါပေမယ့် ကိုယ့်အတွက်ထက် ကိုယ့်အဖွဲ့အစည်းအတွက်ကို ပိုဦးစားပေးပါ။
မှန်တဲ့အလုပ် လုပ်သင့်တဲ့အလုပ်ဆို ကိုယ့်တာဝန်လို့မှတ်ယူပြီး လုပ်ပါ။

ဒီအတိုင်းသာ လူတစ်ဦးစီတိုင်းနဲ့ အဖွဲ့အစည်းတိုင်းက လုပ်ဆောင်နိုင်ကြမယ်ဆို ခေါင်းဆောင်ဆိုတာ လိုအပ်မှာ မဟုတ်တော့ပါ။ ခေါင်းဆောင်လုပ်ရမယ်ဆိုတဲ့ဟာတွေကိုပဲ အဖွဲ့သားတွေက လုပ်ကိုင်သွားကြတာမို့ ခေါင်းဆောင်ဆိုပြီး သီးသီးသန့်သန့် လိုအပ်ချက်ကြီး ရှိတော့မှာ မဟုတ်ပါ။


မိတ်ဆက်

ခေါင်းဆောင်ဆိုတာက ကျွန်တော်တို့လူတွေကြားမှာ အခရာကျတဲ့ ကဏ္ဍတစ်ခုပါ။ ပုရွက်ဆိတ်တွေမှာတော့ ခေါင်းဆောင်မရှိပါဘူး။ ကြီးမားပေမယ့် ထင်သလောက်အလုပ်မတွင်တဲ့အဖွဲ့အစည်းကြီးတွေကို လူတွေကတည်ထောင်ကြတယ်။ စီးပွားရေးစီမံခန့်ခွဲမှု၊ ခေါင်းဆောင်ခြင်းအတတ်ပညာ၊ to-do list၊ get-things-done စတာတွေကိုလူတွေမှာ ကြိုးစားသင်ပြရ သင်ယူကြရနဲ့။ ပုရွက်ဆိတ်တွေကတော့့ ဒါတွေတစ်ခုမှမသိကြဘူး ဒါပေမယ့် လူတွေနဲ့ယှဥ််ကြည့်ရင်တော့ သူတို့ လုပ်အားနှုန်းက ပိုမိုသာလွန်နေတယ်ဆိုတာ တွေ့နိုင်တယ်။

ဒီလိုဆို ပုရွက်ဆိတ်တွေဆီက လေ့လာကြည့်သင့်နေပြီမလား...

ပြဿနာ

မွေးစကနေ ခုချိန်ထိ ကျွန်တော်တို့ အကြိုက်ဆုံးအခြေအနေကိုပြောပြကြေးဆိုရင် ဘယ်သူဘယ်ဝါလုပ်ခိုင်းလို့ရယ် မဟုတ်ပဲ ကိုယ့်စိတ်ပျော်တာလေးတစ်ခုကို လုပ်နေရတဲ့အချိန်က အပျော်ဆုံး အကြိုက်ဆုံးလို့ ပြောကြမှာပါ။ ဒါနဲ့များ ဘာလို့အချိန်တွေ ငွေတွေ အားတွေ အကုန်ခံပြီး ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာဖို့ လုပ်နေကြတာလဲ။

တကယ်ကတော့့ ခေါင်းဆောင်ဆိုတဲ့ဟာက ကျွန်တော်တို့အားလုံးစိတ်ထဲမှာပဲရှိတဲ့ အတားအဆီးတစ်ခုပါ။ တစ်စုံတစ်ခုကို သေချာမလုပ်တတ်ဘူးဆိုရင် လူတွေက သူတို့လုပ်တတ်တာလေးတစ်ခုကိုပဲ ဒါအကောင်းဆုံးနည်းလမ်းပဲဆိုပြီး ပြောတတ်ကြတယ်လေ။ တစ်ခါတစ်လေကျ အဲ့နည်းလမ်းတွေကပဲ ထုံးတမ်းစဥ်််လာတစ်ခု လုပ်ထုံးလုပ်နည်း ထုံးစံတစ်ခုလို ဖြစ်သွားရော။ ဒါပေမယ့် ဒီထုံးစံက လူသားတွေရဲ့ အခြေခံအားနည်းချက် တစ်ခုနဲ့ ပတ်သက်ပြီးမှဖြစ်ထွန်းလာတာပါ။ ဦးဆောင်ခြင်း ခေါင်းဆောင်ခြင်းဆိုတာက အဲ့လိုထုံးစံထဲမှာ အကျုံးဝင်ပါတယ်။

ခေါင်းဆောင်တွေဘာလို့ထားလဲ၊ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်အောင် ဘာလို့ကြိုးစားကြလဲ? ကျွန်တော်တို့လိုချင်တာ ဖြစ်ချင်တာတွေကို အောင်အောင်မြင်မြင်ရရှိနိုင်ဖို့မဟုတ်ဘူးလား။ ကျွန်တော်တို့နဲ့ တကယ်ကိုက်မယ့်ပိုကောင်းတဲ့ နည်းလမ်းတစ်ခုခုရှှာကြည့်တယ်မလား။

ဖြေရှင်းနည်း

သန်းပေါင်းများစွာပါဝင်တဲ့ အသိုက်အဖွဲ့တွေလုပ်ပြီး နေထိုင်ကြတဲ့ ပုရွက်ဆိတ်တွေက ကျွန်တော်တို့ကို ခေါင်းဆောင်ခြင်းနဲ့ ပတ်သက်ပြီးအများကြီး သင်ပေးနိုင်ပါတယ်။ မန်နေဂျာတွေ အရာရှိတွေ သမ္မတတွေမရှိပဲနဲ့ သူတို့တွေ အကောင်းဆုံးအလုပ်လုပ်နိုင်ကြတယ်။

ကျွန်တော်တို့လူသားတွေမှာ မွေးတည်းကပါလာတဲ့ စရိုက်တွေ သဘောထားတွေရှိပါတယ်။ တစ်ဦးချင်းစီက ကြီးပြင်းလာတဲ့တစ်လျှောက်မှာလည်း သိလာတဲ့ ပညာဗဟုသုတတွေ၊ ရလာတဲ့ အတွေ့အကြုံတွေ၊ ရှိလာတဲ့ မျှော်လင့်ချက်တွေ၊ အားထုတ်မှုတွေလိုမျိုး သင်ယူပြီးရလာတဲ့ စရိုက်နဲ့ သဘောထားတွေလည်း အများကြီး ရှိပါတယ်။ ဘဝကို ဖြတ်သန်းရင်းနဲ့မှ ရရှိလာတဲ့ စရိုက်နဲ့ သဘောထားတွေဖြစ်လို့ မွေးတည်းကပါလာတဲဲ့ဲ့ စိတ်သဘောထားလိုမျိုး ပြည့်စုံမနေတာကို သတိပြုရမယ်။ ခေါင်းဆောင်တယ်ဆိုတာကလည်း ဖြတ်သန်းရင်း သင်ယူပြီးရလာတဲ့ သဘောထားတစ်ခုပါ။

ဘယ်အခက်အခဲကိုမဆို အကောင်းဆုံးဖြေရှင်းဖို့က ကိုယ့်ရဲ့ အားအသာဆုံးကိုထုတ်သုံးပြီး ‌ြေဖရှင်းလိုက်တာပါပဲ။ ဒီတော့့ ကိုယ်သိထားပြီးသား ခေါင်းဆောင်ခြင်းဆိုတဲ့ သဘောတရားတစ်ခုလုံးကို ခဏလောက် ကြိုးစားပြီး မေ့ထားကြည့်လိုက်ရအောင်။

ကဲ ပုရွက်ဆိတ်တွေကို တစ်ချက်ကြည့်လိုက်ကြရအောင် ...

ပွက်ဆိတ်မှန် နေရာမှန် လုပ်ကြတယ်။

လူမှန်နေရာမှန်လို့ပဲ စကားကရှိတော့့ ခုလိုပဲ ရေးလိုက်တယ်။ တစ်ကောင်ချင်းစီက အရေးပါတယ်။ တော်တယ် ညံ့တယ်၊ ပိုလုပ်နိုင်တယ် မလုပ်နိုင်ဘူးတွေ ဘာမှ မသုံးသပ် မကြည့်ကြဘူး။ သူ့နေရာနဲ့သူ ကိုယ်နဲ့ကိုက်တဲ့ အလုပ်ကိုယ်လုပ်သွားကြတယ်။

အားကောင်းတဲ့ကောင်တွေက warrior ဖိုက်တာတွေလုပ်ပေးတယ်။ အားမရှိတဲ့ကောင်တွေက ကလေးထိန်းပေးတယ်။ အလယ်အလတ်တန်းတွေက အစာရှာဖွေရေးဘာညာ တခြားအလုပ်တွေလုပ်ကြတယ်။ တကယ်လို့သာ ကိုယ်တွေအသိုက်ကမဟုတ်တဲ့ တစ်ခြားကကောင်က မျက်စိလည်လမ်းမှားရောက်လာရင် ဒီကောင်ကတော့့ ပွက်ဆိတ်မှန် နေရာမှန် မဟုတ်တဲ့ကောင်ဆိုပြီး ဖယ်ထုတ်လိုက်ကြတယ်။

စကားပုံကြီးတစ်ခုလုံးတောင် ဖန်တီးထားတဲ့ လူတွေလည်း ဒီတိုင်း လုပ်လို့ရတာပဲ။ တစ်စုံတစ်ယောက်က တစ်ခုခုကို လုပ်ကိုင်တာ မထိရောက်ဘူး မအောင်မြင်ဘူးဆို ဝေဖန်မနေပဲ သူထိထိရောက်ရောက်လုပ်နိုင်မယ့်တစ်ခု ပြောင်းလုပ်လိုက်သင့်တယ်။ ဒီအဖွဲ့အစည်း ဒီနေရာမှာ ဒီတစ်ယောက်ကတော့ တကယ့်ကို ဘယ်တစ်ခုနဲ့မှကို မသင့်တော်ဘူးဆိုရင်လည်း သူ့ကို ဒီနေရာကနေ ဖယ်ရှားပလိုက်ပေါ့့။ အားနာတာတစ်ခုနဲ့ ထားမနေပါနဲ့။ ရှိစေချင်တာ တစ်ခုနဲ့ ထားမနေပါနဲ့တော့။ တကယ်လို့ လက်ခံထားမယ်ဆိုရင်တော့့ သူသည် သူ့နေရာမှာ ထိထိရောက်ရောက်လုပ်နိုင်နေလို့ဆိုတာကို အကုန်လုံးက အသိအမှတ်ပြုနိုင်အောင် လုပ်ကြ။

ဆိုရှယ်ကျတယ်။

ပုရွက်ဆိတ်တွေက တော်တော့်ကို ဆိုရှယ်ကျတာ ကြိုက်တဲ့အမျိုး။ ဆယ့်နှစ်ရာသီအပေါင်းနဲ့အသင်းနဲ့ ပြောဆိုဆက်ဆံပြီး နေတဲ့ အမျိုး။ တစ်ကောင်က အစာတွေ့ရင် နောက်တစ်ကောင်ကို ပြောတယ်။ အန္တရာယ်တွေ့ပြီဆိုလည်း ဖိုက်တာကောင်တွေသိအောင် လက်တို့တယ်။ ပုရွက်ဆိတ်ဘုရင်မက(ဘုရင်မဆိုတာ လူတွေက ပေးတဲ့ နာမည်ပါ တကယ်တော့့ သူ့တာဝန်က ကလေးထိန်း ကလေးမွေးပဲ) အခက်အခဲရှိရင် အကူအညီတောင်းတာနဲ့ သူ့ဆီလာကူတဲ့ကောင်တွေက ကူကြတယ်။ သူတို့ကြားမှာ ခုလို မထိန်မချန် ပွင့်လင်းတဲ့ ဆက်သွယ်မှုစနစ်ကြီးက လုံးဝမရပ်မနားတောက်လျှောက် လည်ပတ်နေတယ််။

ကျွန်တော်တို့တွေလည်း လုပ်မယ်ဆို လုပ်လို့ရတာပဲ။ အဖွဲ့အစည်းကသက်ဆိုင်တဲ့ လူအကုန်ကိုခေါ်် တစ်နေရာတည်းမှာ ပြောပြခိုင်း တိုင်ပင်ခိုင်း ဆွေး‌ေနွးခိုင်း။ ခေါင်းဆောင်ဆိုတာ မရှိတဲ့ စနစ်ဆိုတော့ အာဏာနဲ့ဖိပြောမယ့်လူတွေကို ဖယ်ထား။ တစ်ဦးစီတိုင်းရဲ့ ပြောပြချက်တွေကို တန်းတူညီတူပဲ သတ်မှတ်ကြပြီး အချင်းချင်းဆွေးနွေးခိုင်း။ အုပ်စုလိုက်စဥ်းစားခိုင်းတာမဟုတ်ဘူးနော်။ တစ်ဦးချင်းစီကို စဥ်းစား ပြောပြ ဆွေးနွေးခိုင်းတာ။ ခုတိုင်းသာလုပ်ပြီး ဘယ်လိုဖြစ်လာမလဲကြည့်ပါ။

ရည်မှန်းချက်ပန်းတိုင်တူတယ်။

ပုရွက်ဆိတ်တွေအကုန်စိတ်ထဲ တစ်ခုပဲရှိတယ်။ မပျောက်ကွယ်ပဲ မျိုးဆက်ရှင်သန်ဖို့။ သူတို့လုပ်သမျှ အရာတိုင်းကို ဒီရည်မှန်းချက်အတွက်ပဲ လုပ်တယ်။

လူတွေမှာလည်း ရည်မှန်းချက်ပန်းတိုင် တူကြအောင် ကြိုးစားလို့ရပါတယ်။ ဒါပေမယ့် မကြိုးစားကြဘူး။ အလုပ်လုပ်နေကြသူလူအများစုရဲ့ ရည်မှန်းချက်က လစာကောင်းကောင်းရတဲ့ အလုပ်မှာလုပ်နိုင်ရေးဆိုတာပဲမလား။ ဒီဟာက တကယ်တော့့ မထိရောက်တဲ့ ရည်မှန်းချက်ပါ။

မိမိတို့အဖွဲ့အစည်းရဲ့ ရေတို ရေရှည် ဦးတည်ချက်ပန်းတိုင်တွေ ကို ကျွန်တော်တို့တွေ ပွင့်ပွင့်လင်းလင်း ပြောပြပြီး နားလည်ကြဖို့ အရေးကြီးတာပါ။ ဦးတည်နေတဲ့ ရေရှည်ပန်းတိုင်ကိုသိပြီးတော့ ဒီပန်းတိုင်ကိုရောက်အောင် ဘယ်လိုမျိုး ဗျူဟာနည်းစနစ်တွေနဲ့ ရေတိုဦးတည်ချက်တွေနဲ့ သွားမယ်ဆိုတာကို လက်ခံသဘောတူနိုင်ဖို့ အရမ်းလိုပါတယ်။ အဖွဲ့အစည်းတစ်ခုက လူအားလုံးမှာ ရည်မှန်းချက်ပန်းတိုင်က တစ်ခုတည်း တူညီနေမယ်ဆို လျှောက်ရမယ့် ခရီးလမ်းက မဝေးတော့ပါဘူး။

ချမှတ်ထားတဲ့ ရေရှည်ပန်းတိုင်က မှန်ကန်ဖို့နဲ့ လုပ်ကိုင်နိုင်ဖို့ လိုအပ်တဲ့ နည်းပညာတွေ ပစ္စည်းတွေ အရင်းအမြစ်တွေ ပေးအပ်နိုင်ဖို့ကိုတော့့ သတိချပ်ဖို့လိုပါတယ်။

အပြောင်းအလဲကို လက်ခံတယ်။

အပြောင်းအလဲတွေက ပုရွက်ဆိတ်တွေရဲ့ ဘဝနေနည်းလို့တောင် သုတေသနလုပ်သူတွေကတွေ့ရှိထားပါတယ်။ စမ်းသပ်မှုတစ်ခုမှာ ပုရွက်ဆိတ်တွေ ပုံမှန် အစာလာရှာနေကြ သစ်ပင်ပေါ်မှာ အဆိပ်တွေတမင်ထားပေးကြည့်တယ်။ သူတို့တွေ အဆိပ်တွေကို အသိုက်ကိုသယ်သွားတယ်။ စားပြီးသေကြကျေကြဖြစ်တော့့ ဒီအရာသည်သူတို့အတွက် အဆင်မပြေဘူး မသင့်တော်ဘူးဆိုတာကို သူတို့ သိသွားပြီး အဲ့ဒီ သစ်ပင်ဆီကို ထပ်မသွားကြတော့ဘူး။ နောက်စမ်းသပ်မှုတစ်ခုမှာကြတော့့ သုတေသနသမားတွေက ပုရွက်ဆိတ်တွေကို အစာကိုမကျွေးပဲထားလိုက်တယ်။ လူတွေကိုသာ အဲ့လိုလုပ်ရင် တော်တော်ကို ပြဿနာကြီးပြီ။ ပုရွက်ဆိတ်တွေကတော့့ အစာရှာဖို့ အလုပ်လုပ်လို့ မရတော့့ အသိုက်က ကလေး‌‌တွေကို ထိန်းတာတို့ဘာတို့ တခြားအလုပ်ပြောင်းလုပ်ကြတယ်။ အခုချိန်ထိ ကမ္ဘာပေါ်မှာ သန်းပေါင်းမြောက်မြားစွာသော ပုရွက်ဆိတ်တွေရှိနေကြသေးတာ အပြောင်းအလဲကို လက်ခံတတ်ကြလို့ပါ။

ကျွန်တော်တို့ လူသားတွေလည်း ဒါကို အတုယူသင့်ပါတယ်။ အဖွဲ့အစည်းတစ်ခုက အပြောင်းအလဲတွေနဲ့ကြုံနေမှသာ ဆန်းသစ်တီထွင်မှုတွေနဲ့ လုပ်ကိုင်နိုင်စွမ်းတွေ တက်လာမှာပါ။

အသင်းအဖွဲ့စိတ်ဓါတ်အပြည့်ရှိကြတယ်။

ပုရွက်ဆိတ်တွေက အသင်းအဖွဲ့ရဲ့လိုအပ်ချက်ကို သူတို့လိုအပ်ချက်ထက် ပိုပြီး အလေးထားတယ်။ သူတို့ ဘုရင်မရဲ့ ကလေးတွေကိုလည်း ကူထိန်းပေးတယ်၊ တခြား ပုရွက်ဆိတ်တွေရဲ့ ဆောက်လုပ်ရေးပိုင်းတွေ ဝင်လုပ်ပေးတယ်၊ အစာတွေကူရှာပေး သယ်ပေးတယ်၊ ပြီးတော့့ အသိုက်မပျက်ရေး ရှင်သန်ရေးအတွက် တိုက်စရာရှိ တိုက်ခိုက်ကြတယ်။

လူတွေမှာ ကိုယ့်တစ်ဦးတည်းအတွက်ပဲ ဦးတည်လုပ်နေတဲ့လူပါတာနဲ့ အသင်းအဖွဲ့ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုလုံးရဲ့ စွမ်းဆောင်ရည် က ကျဆင်းတော့တာပဲ။ ဒါကြောင့် ကိုယ့်အတွက်ထက် ကိုယ့်အဖွဲ့အစည်းအတွက်ကို ပိုငဲ့သင့်ပါတယ်။ လေ့လာသုံးသပ်ချက်တွေအရတော့ လူတွေက သူတို့က အတ္တမကြီးပဲ အဖွဲ့အစည်းအတွက် လုပ်ကိုင်တယ်လို့ ထင်နေဦးတော့ အမှန်တကယ်တော့ ကိုယ့်အတွက်ကိုပဲ ပိုကြည့်တတ်ကြတယ်လို့ ဆိုပါတယ်။

မှန်ကန်တဲ့အလုပ်ဆို ကိုယ့်တာဝန်လို့ ခံယူကြတယ်။

ဘာလို့ တခြားပုရွက်ဆိတ်ရဲ့ ကလေးကိုထိန်းပေးကြတာလဲ။ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ် မှန်ကန်တဲ့အလုပ်တစ်ခု ဖြစ်လို့ပါ။ သူတို့ အလုပ်လို့ ခံယူထားလို့ပါ။

ကျွန်တော်တို့လူတွေကတော့့ တစ်ခုခုဆိုရင် ဘယ်ဟာကပဲ ကိုယ်နဲ့ဆိုင်တယ်၊ ဘယ်ဟာကတော့့ မဆိုင်ဘူးဆို ကြည့်တတ်ကြ ပြောတတ်ကြပါတယ်။ လက်ညှိုးထိုးဖို့ ဆင်‌ြေခပေးဖို့ ကြိုးစားကြပါတယ်။ တာဝန်မယူချင်ကြဘူး။

ပုရွက်ဆိတ်တွေကတော့ ဆန့်ကျင်ဖက်ပါပဲ။ တာဝန်ယူတာမှ အမှားမရှိအောင်တောင် လုပ်ဆောင်ကြတဲ့ အကောင်လေးတွေပါ။ သူတို့လုပ်ချင်တာကို ထလုပ်ကြတာမျိုးမဟုတ်ပဲ မှန်ကန်တာ လုပ်သင့်တာကိုပဲ လုပ်ကြပါတယ်။

လူသားတွေလည်း မှန်တဲ့ လုပ်သင့် အလုပ်တွေပဲ လုပ်ကြမယ်ဆိုရင် တစ်ဦးချင်းစီရဲ့ လုပ်အားတွေ ပိုမိုတိုးတက်လာမယ့်အပြင် ဆက်ဆံနေရတဲ့ ဖေါက်သည်တွေကိုပါ အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးနိုင်လာပါလိမ့်မယ်။ ဒါကိုဘာလို့ထည့်ပြောရတာလဲဆိုတော့့ ဈေးဝယ်သူဖေါက်သည်တွေ သူတို့ကိုဘာတွေပေးလာမလဲ လုပ်ပေးမလဲဆိုတာ တစ်ခုကိုပဲ တကယ်စိတ်ဝင်စားကြတာမို့ပါ။

အချင်းချင်း ပြန်လည်သုံးသပ်ကြတယ်။

ပုရွက်ဆိတ်တွေက အချင်းချင်းလည်း အကဲခတ်ကြတယ်။ အသိုက်တူတူကဟုတ်ရဲ့လားသိအောင် တစ်ကောင်နဲ့ တစ်ကောင် အမြဲတမ်း အနံ့ခံကြတယ်။ တစ်ကောင်နဲ့ တစ်ကောင် ဘယ်လိုလုပ်ရကိုင်ရတယ်ကို သင်ပြပေးတယ်။

ကျွန်တော်တို့ လူတွေ တစ်ဦီးနဲ့ တစ်ဦီး သုံးသပ်တာမျိုးကြီးနဲ့တော့့ မတူဘူးပေါ့့။ အလုပ်မလုပ်တဲ့ ပုရွက်ဆိတ်တစ်ကောင်အဖို့ သူ့ခေါင်းကို ကိုက်ဖြတ်ခံရနိုင်တယ်လေ။ ဒါပေမယ့် ဒီသဘောတရားက သူတို့တွေကြားမှာ သူ့ဟာနဲ့သူ မျှတသွားအောင်လုပ်ပေးတာပဲလေ။

လုပ်ဖေါ်ကိုင်ဖက်အချင်းချင်း ပြန်လည်သုံးသပ်ကြပြီး တာဝန်ယူတတ်အောင် လုပ်ဆောင်ကြမယ်ဆိုရင် အဖွဲ့အစည်းရဲ့ လုပ်အားက ကောင်းမွန်နေမှာပဲ။ မလိုက်နာနိုင်တဲ့လူထွက်ဆိုတာမျိုးတွေပြောဖို့အတွက် ကျွန်တော်တို့‌တွေ ခေါင်းဆောင်တွေကို တာဝန်ပေးထားတာမလား။ ဒါပေမယ့် လုပ်ဖေါ်ကိုင်ဖက်အချင်းချင်းး ပြန်လည်သုံးသပ်ပြောတာတွေက ပိုတောင် ကြောက်ဖို့ကောင်းပါလိမ့်မယ်။