Tip For A Programmer - Keep A Notebook
Tip For A Programmer - Keep A Notebook Unsplash

For A Programmer - Keep A Notebook

နယ်ပယ်တစ်ခုမှာ ဆယ်စုနှစ်တစ်ခုကြာ ကျင်လည်လာပြီးနောက်တော့ ထိုနယ်ပယ်နဲ့ ပတ်သက်လို့ ပြောပြစရာတွေလည်း အတိုင်းအတာတစ်ခုအထိတော့ ရှိလာတာပါပဲ။ ထို့ကြောင့်မို့ ပရိုဂရမ်မာကောင်းတစ်ယောက်လို့ မိမိကိုယ်ကို မခံယူနိုင်သေးသော်ငြား ပရိုဂရမ်မာတွေကိုတော့ ပြောပြမျှဝေပေးချင်တာလေးတွေ အတိုင်းအတာတစ်ခုထိ ရှိနေပါတယ်။ မျှဝေတာတွေကို လက်ခံတာ လက်မခံတာကတော့ စာဖတ်သူ ပရိုဂရမ််မာရဲ့ တာဝန်ပေါ့။ ဒါကြောင့် For A Programmer ဆိုပြီး Series နဲ့ ရေးဖို့ စိတ်ကူးရှိပေမယ့် ဘယ်နှစ်ပုဒ်ရေးဖြစ်မယ်တော့ မသိသေးဘူး။ (ဘလောဂ့်မှာ တစ်လတစ်ပုဒ် အနည်းဆုံး ရေးဖို့ ကြံထားတာတောင် ဇူလိုင်လအတွက် မရေးဖြစ်အောင် စာရေးကပျင်းတယ်။) ဘာပြောပြော ခု တစ်ပုဒ်ကတော့ ပထမခြေလှမ်းပေါ့။

ပထမဦးဆုံးစပြီး ပရိုဂရမ်မာတွေကို ပြောပြချင်တာကတော့ မှတ်စုစာအုပ်နဲ့ မှတ်စုမှတ်တဲ့ အလေ့အထရှိစေချင်တာပါ။ မှတ်စုမှတ်တဲ့ အလေ့အထမဟုတ်ဘူးနော်။ တော်တော်များများမှာ ဟိုမှတ် ဒီမှတ်လုပ်တဲ့ အကျင့်ကတော့ ရှိပြီးသား။ အနည်းဆုံး မှတ်စုစာအုပ်နဲ့ မှတ်စေချင်တာပါ။ အဖြစ်ချင်စေဆုံးကတော့ မှတ်စုစာအုပ်မှာတောင် နည်းစနစ်တကျ မှတ်တာပဲ။ နည်းစနစ်တကျ မှတ်စုစာအုပ်မှာ မှတ်ရင်ရမယ့် အကျိုးကျေးဇူးတွေကတော့

၁။ များပြားလှတဲ့ အကြောင်းအရာ အချက်အလက်တွေကို မပျောက်မပျက် ထားနိုင်မယ်

ပရိုဂရမ်မာတစ်လောက်အဖို့ တစ်နေ့ တစ်နေ့ ထိတွေ့ရတဲ့ data & information တွေက အရမ်းများပါတယ်။ လုပ်ငန်းခွင်ဝင်တဲ့ လူမပြောနဲ့၊ ပရိုဂရမ်မင်းကိုလေ့လာနေသူတစ်ဦးအတွက်တောင် တစ်နေ့တာမှာ သင်ခန်းစာတွေကဖြစ်ဖြစ်၊ ဆရာကပြောတာကဖြစ်ဖြစ်၊ ဆောင်းပါးတွေဖတ်ရင်းကဖြစ်ဖြစ် မှတ်သားစရာတွေ အမျိုးမျိုးရှိနေတာပါ။ တကယ့် လုပ်ငန်းခွင်မှာဆိုရင်တော့ ပြောမနေပါနဲ့တော့။ ကိုယ်လုပ်နေရတဲ့ project နဲ့ ပတ်သက်လို့ clients တွေပြောတာတွေ၊ အထက်လူကြီးတွေ လိုချင်တာတွေ အကုန်လုံးကို မှတ်ထားဖို့ မဖြစ်နိုင်တောင် အရေးကြီးတာတွေကိုတော့ မမေ့မလျော့ မှတ်ကိုမှတ်ထားရတာပါ။ Project ကို အစည်းအဝေးမှတ်တမ်းတွေ၊ documentation တွေ၊ project requirements တွေနဲ့ စနစ်တကျလုပ်ထားဦးတော့ ရံဖန်ရံခါမှာ phone ပြောနေရင်းကနေ စကားစပ်မိလို့ "ဟိုနေရာလေးကို ဒီလိုလုပ်ထားပေးဦး" ဆိုတာမျိုး၊ viber/whatsapp/slack/messenger/email တွေကနေ screenshot လေးပို့ပြီး "ဒါလေးမှားနေတာ ပြင်ပေးပါ" ဆိုတာမျိုး၊ အလုပ်ကလူတွေနဲ့ ဘီယာဆိုင်ထိုင်နေရင်းကနေ "ဟေ့ရောင် client ကတော့ မပြောထားဘူး၊ ဒါပေမယ့် ဒီ _ _ _ feature ထည့်ထားတာကောင်းမယ်၊ အခုမတောင်းလည်း နောက်တောင်းမှာ ငါသိတယ်" ဆိုတာမျိုးတွေကိုလည်း တစ်နည်းမဟုတ် တစ်နည်း မှတ်ထားဖို့လိုလာပါလိမ့်မယ်။ 

ဒါ့အပြင် လုပ်ငန်းခွင်ဝင်နေရလို့ လေ့လာစရာ သင်ယူစရာ မလိုတော့ဘူးဆိုတာမျိုး ပရိုဂရမ်မာတွေအတွက် မရှိပါဘူး။ အလုပ်မှာ google နဲ့ stackoverflow မသုံးတဲ့နေ့ ရှိလား ပြော။ ကိုယ်မသိသေးတာတွေကို နေ့စဥ်ကို ကြုံတွေ့နေရတာပါ။ "အင်းလေ google နဲ့ stackoverflow ရှိတာပဲ။ ကိုယ့်ဟာကို ဘာလို့မှတ်နေမှာလဲ။ လိုတိုင်းရှာပြီး ဖတ်လို့ရနေတာပဲ" လို့ ခံယူထားတဲ့လူတွေလည်း ရှိနိုင်ပါတယ်။ ကိုယ် search ရမယ့် keyword နဲ့ ဖတ်ရမယ့် link ကို တစ်ချိန်ချိန်မှာ မမေ့ဘူးလို့ သေချာရင်တော့ ကောင်းတာပေါ့။ "လိုတိုင်းရှာပြီး ဖတ်လို့ရတယ်" ဆိုတဲ့စကားမှာ "ကိုယ်ဘာလိုချင်တာ" ရယ် "ကိုယ်ဘာဖတ်ရမှာ" ရယ်က အရေးကြီးပါတယ်။ Google search result, stackoverflow answer တွေကနေ Github repo တွေဆီလည်း ရောက်သွားနိုင်တယ်၊ Gist တွေ Snippet တွေဆီလည်း ရောက်သွားနိုင်တယ်၊ ပဝေသဏီက ရှိခဲ့တဲ့ အင်တာနက်ဖိုရမ်တစ်ခုကိုလည်း ရောက်သွားနိုင်တယ်။ မှတ်စုစာအုပ်မှာသာ ကိုယ်ရှာနေတဲ့ အဖြေနံါ ဒီအဖြေကို ဘယ်သူက ဘယ်မှာ ပြောသွားတာလဲကို မှတ်ထားလိုက်ရင် နောင်တစ်ချိန် အလားတူ ပြဿနာ အခက်အခဲတွေ့ရင် ကိုယ့်မှတ်စုထဲမှာပဲ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ကြည့်လို့ရတာပေါ့။

၂။ ခေါင်းရှုပ်သက်သာပါတယ်

ကျွန်တော်ကတော့ ဦးနှောက်ဆိုတာ အရေးကြီးတာတွေပဲ မှတ်ထားသင့်တယ်လို့ လက်ခံသူပါ။ ဒါကြောင့်မို့ အကြောင်းအရာတစ်ခုကို စိတ်ထဲခေါင်းထဲမှာ ၏သည်မလွဲမှတ်ထားဖို့ထက် ဘယ်လိုဘယ်ပုံဆိုတဲ့ သဘောတရားကိုပဲ ကျေညက်အောင် နားလည်လက်ခံနိုင်အောင် ကြိုးစားဖြစ်ပါတယ်။ ဘယ်လို အခက်အခဲအမျိုးအစားဆို ဘယ်လို tools မျိုးနဲ့ ဖြေရှင်းသင့်တယ်ဆိုတာမျိုးကို လေ့လာသင်ယူပြီး မှတ်သားဖြစ်ပေမယ့် ဒီ tool တစ်ခုက ဘယ်ပုံဘယ်နည်း အလုပ်လုပ်တာ ခရေစေ့တွင်းကျပြောပြပါဆို ကျွန်တော့်မှာ ပြောနိုင်စွမ်းမရှိပါဘူး။ ဘယ်ပုံဘယ်နည်း အလုပ်လုပ်တာသိချင်ရင် ဘယ် manual ကိုဖတ်ရမယ်တို့ documentation က ဘယ် ခေါင်းစဥ်မှာ ရှိတယ်တို့တော့ ကျွန်တော်သိတယ်။ နောက်တစ်ခါ ဒီ tool နဲ့ ပတ်သက်တဲ့ အသုံးဝင်တဲ့ shortcut တွေ၊ hack တွေ၊ ကိုတော့ မှတ်စုထဲက ပြန်ကြည့်ပြီး လုပ်ပေးတတ်တယ်။ ကျွန်တော့်ရဲ့ ပင်ကိုယ် မှတ်မိနိုင်စွမ်းကလည်း နည်းတာမို့ မှတ်ဉာဏ်ထဲမှာ အများကြီး မှတ်ရတာ ကြိုက်ကို မကြိုက်သလို မှတ်လည်း မမှတ်နိုင်ပါဘူး။ ဒါကြောင့် မှတ်စုစာအုပ်မှာ လိုအပ်တာတွေကို စနစ်တကျ မှတ်ထားခြင်းက ကျွန်တော့်အတွက်တော့ တော်တော့်ကို အသုံးဝင်ပါတယ်။

မှတ်ဉာဏ်အရမ်းကောင်းကြသူတွေကိုလည်း ကျွန်တော်ကတော့ မှတ်စုထားစေချင်တာပါပဲ။ တန်ဖိုးရှိတဲ့ မှတ်ဉာဏ်ကို အရေးကြီး အသုံးဝင် အဖိုးမဖြတ်နိုင်တဲ့ ပညာဗဟုသုတတွေနဲ့ပဲ ပြည့်အောင်ဖြည့်တင်းတာ မကောင်းဘူးလား။ Project တစ်ခုမှာ ဖိုင်ပေါင်း ဘယ်၂ခုပါတာ၊ ဘယ်ဖိုင်မှာ ဘာ function ပါတာ၊ ဘယ် function ကို ဘယ်ဖိုင်တွေက ခေါ်သုံးတာတွေကို မှတ်မိအောင်လုပ်ပြီး မှတ်ဖို့ထက် ဒီ project ကို ဘယ်နည်းစနစ်နဲ့ တည်ဆောက်ထားလဲဆိုတာကို မှတ်ဖို့က ပို အရေးကြီးတာ မဟုတ်ဘူးလား။ ဒါပေမယ့် တစ်ခါတစ်လေတော့လည်း ခုနကပြောတဲ့ ဘယ် function မှာ ဘာပါတယ်ဆိုတာမျိုးလေးက လွယ်လင့်တစ်ကူ ပြန်ကြည့်လို့ရအောင် တစ်နေရာရာမှာ သိမ်းထားဖို့လိုမျိုး ဖြစ်လာရင်မှ မှတ်စုစာအုပ်လေးထဲ မှတ်ထားလိုက်ပေါ့။ 

Programming is problem solving လို့ ကျွန်တော်က အဓိပ္ပါယ်ဖွင့်ဖြစ်တယ်။ တစ်ခုမဟုတ်တစ်ခု အဖြေထုတ်နေရမယ့် ခေါင်းတစ်လုံးက တည်ငြိမ်ရှင်းလင်းနေမှ အလုပ်ကောင်းကောင်းလုပ်နိုင်မှာပါ။

၃။ နေ့စဥ်မှတ်တမ်း အဖြစ် အသုံးဝင်ပါတယ်

Daily report တွေ diary တွေလူတိုင်းတောင် မလုပ်နိုင်တာ ပရိုဂရမ်မာတွေဆို ပိုတောင်မလုပ်ကြဖို့ သေချာပါတယ်။ နောက် ကိုယ်ပိုင်ရော တွေ့ဖူးတဲ့ အတွေ့အကြုံရောအရ ကျွန်တော်တို့ ပရိုဂရမ်မာအများစုသည် ကုဒ်ကလွဲရင် တခြားသောစာအမျိုးအစားတွေ ရေးရတာပျင်းကြတယ်။ နဂိုတည်းကိုကလည်း ပျင်းကြသူတွေ။ (ပျင်းလို့လည်းပဲ ဒီနယ်ပယ်ရောက်လာတာပဲမလား ဒီအကြောင်းနောက်မှ စာတစ်ပုဒ်သပ်သပ်ရေးချင်သေးတယ်။) ဒါပေမယ့် ကိုယ်ပျင်းခဲ့တဲ့ ဒုက္ခကြောင့် အနာဂတ်မှာ အခက်ကြုံရတာကလည်း ကိုယ်ပါပဲ။ ဘာကိုပြောချင်တာလဲဆိုရင် ပရိုဂရမ်မာကောင်းတစ်ယောက်ဖြစ်ဖို့အတွက် documentation ပြုစုတတ်ဖို့က မရှိမဖြစ် အရည်အချင်းတစ်ခုပါ။ စာအုပ်တွေနဲ့ ဖိုင်သီးသန့်နဲ့ပဲ လုပ်လုပ်၊ ကိုယ်ရေးတဲ့ ကုဒ် မှာ comment တွေနဲ့ပဲ လုပ်လုပ် documentation လုပ်ထားမှသာလျှင် တခြားလူတွေအတွက် အထောက်အကူပြုမှာပါ။ ဟာ ကျွန်တော်က ကျွန်မက တစ်ယောက်တည်း အလုပ်လုပ်တာ။ ဒီလောက်လုပ်ဖို့ မလိုဘူးလို့ ထင်ရင် လွန်ခဲ့တဲ့ တစ်နှစ်လောက်က အဲဒီ ကျွန်တော် ကျွန်မ ရေးခဲ့ဖူးတဲ့ project တစ်ခုခု၊ function တစ်ခုခုကို အခုဖတ်ကြည့်ရင် ချက်ချင်းသိလား ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာ။ (hello world project တွေတော့ မပါဘူးနော်) မညာကြေးဗျ။ ကျွန်တော်ဆို တစ်နှစ်မပြောနဲ့ ပြီးခဲ့တဲ့လ က ရေးထားတာတွေကိုတောင် သေချာပြန်ဖတ်မှ သဘောပေါက်တာမျိုး။

ကဲထားပါတော့ Documentation လုပ်ဦးတော့ ကိုယ်လုပ်ခဲ့တာက ဘယ် variable တွေလက်ခံပြီး ဘယ်လို type တွေ return တာပါဆိုတဲ့ နည်းပညာဆန်တဲ့ documentation လောက်ဆိုရင်တောင်မှ ကျွန်တော် အပေါ်က မေးခွန်းအတွက် အဖြေက "မသိဘူး" ဖြစ်နေဦးမှာပါ။ ကိုယ်ဘာရည်ရွယ်ချက်နဲ့ ဒီ function ကို ရေးတယ်ဆိုတဲ့ why ဆိုတဲ့ အချက်တွေကိုပါ ချရေးမှတ်သားထားတဲ့ documentation ဖြစ်နေမှသာ အဆင်ပြေမှာ။ အစဥ်အမြဲ deadline ကျော်မှ အလုပ်ပြီးတဲ့ ကျွန်တော်တို့ ပရိုဂရမ်မာတွေ (ဒါလည်း အမှန်တရားတစ်ခုပါ မငြင်းချင်ပါနဲ့) အတွက် အနာဂါတ်အရေးကြိုတွေးပြီး အစီအစဥ်အကျတွေ မှတ်ထားမယ် ရေးနေမယ်ဆိုလည်း အလုပ်တွေကပိုပြီး မပြီးမပြီးဖြစ်နေဖို့ပဲရှိမှာပါ။ ဒါကြောင့် ထိထိမိမိ ကျစ်ကျစ်လစ်လစ်နဲ့ ကိုယ့် script တစ်ခု function တစ်ခု class တစ်ခု library တစ်ခု solution တစ်ခုက ဘာကြောင့်ဘယ်လို လုပ်ထားတာ၊ ဘယ်သူ့ဆီက ဘာတွေတော့ သုံးထားတယ်၊ ဘယ်ဟာတော့ လိုနေတယ် စတဲ့ အရေးကြီးတဲ့ မှတ်စုလေးတွေကို အလုပ်လုပ်နေရင်း၊ စဥ်းစားနေရင်း၊ ရှာရင်းဖွေရင်း၊ copyရင်း pasteရင်း မှာ မှတ်စုစာအုပ်လေးထဲ ထည့်ထားခဲ့သင့်ပါတယ်။ နောင်တစ်ချိန် ဒီ project ဒီ အလုပ်နဲ့ ပတ်သက်လို့ ပြန်ထိတွေ့စရာလိုရင် ဖတ်ပြီးရင် မျက်မှောင်ကျုံ့ခေါင်းကုတ်ရမယ့် ကုဒ်ထက်၊ မှတ်စုစာအုပ်ထဲက မှတ်စုတွေကိုအရင် ဖတ်လိုက်တာက ပိုအထောက်အကူပြုပါလိမ့်မယ်။


ဘာကြောင့် မှတ်စုမှတ်သင့်လဲပြောပြီးတော့၊ ဘယ်လို စနစ်တကျ မှတ်စုမှတ်တယ်ဆိုတာကိုလည်း ပြောပြပါမယ်။

၁။ ကြုံသလို မမှတ်ပါနဲ့

တွေ့ကရာစာရွက်တွေမှာ၊ စိတ်ကူးပေါ်တဲ့ software/app တွေမှာ၊ sticky note တွေမှာ မမှတ်ပါနဲ့။ ဘယ်လို မှတ်စုစာအုပ်အမျိုးအစားကို သုံးမလဲ သေချာလေ့လာစဥ်းစားပြီး အဲဒီ မှတ်စုစာအုပ်မှာပဲ အမြဲမှတ်ပါ။ ကျွန်တော်က မှတ်စုစာအုပ်ဆိုပြီး သုံးနေပေမယ့် တကယ့် ကိုင်တွယ်လို့ရတဲ့ စာအုပ်တွေကို ပြောနေတာမဟုတ်ပါဘူး။ Notebook app တစ်ခုခု ကို ပြောချင်တာပါ။ ခဲတံနဲ့ ဘောပင်နဲ့ ရေးချမှတ်ဖို့လို့ အတွက် စာအုပ်တစ်အုပ်လောက် အမြဲအနားရှိနေဖို့ လိုအပ်ပေမယ့် ပရိုဂရမ်မာတစ်ယောက်အတွက် စနစ်တကျ မှတ်စုမှတ်ချင်တယ်ဆို app သုံးခြင်းက အများကြီး အသုံးဝင်ပြီး အထောက်အကူပြုပါတယ်။ ကျွန်တော်တို့ သိမ်းထားချင်တဲ့ command လေးတွေ၊ article link တွေ၊ download link တွေ၊ screenshot တွေ၊ video url တွေကို စာရွက်ပေါ်မှာ သိမ်းဆည်းဖို့က လက်တွေ့မကျပါဘူး။ ဒါကြောင့် ကိုယ်သုံးနေကျ Computer OS, phone OS တွေ ပေါ်မှာ မူတည်ပြီး ဘယ် notebook app က ကိုယ့်အတွက်သင့်တော်မှာလဲ ရွေးပါ။ ရွေးပြီးတဲ့ app မှာပဲ အမြဲတမ်း မှတ်ပါ သိမ်းပါ။

၂။ Mandatory Features of Notebook

ကိုယ်သုံးမယ့် မှတ်စုစာအုပ် app မှာ ပါကိုပါရမယ့် features တွေ။

  • Book/Workspace/View/Category/List စသဖြင့် ခေါ်ချင်သလို ခေါ်ပါ။ သူ့သက်ဆိုင်ရာ အသိုင်းအဝိုင်းဌာနအလိုက် မှတ်စုတွေကို ခွဲခြားထားလို့ရရမယ်။ ပြောချင်တာက ကိုယ်ရေးကိုယ်တာ အတွက်နဲ့ အလုပ် အတွက်ဆိုပြီး ခွဲတာမျိုး၊ ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာ၊ ကုမ္ပဏီ ၁၊ ကုမ္ပဏီ ၂ ဆိုပြီး ခွဲတာမျိုး၊ ဒါမှမဟုတ်လည်း ကျောင်း၊ အလုပ်၊ ကိုယ်ပိုင် ဆိုပြီး ခွဲတာမျိုးပေါ့။ 
  • မှတ်စုတစ်ခုစီမှာ Tag သို့ Label လေးတွေ တွဲလို့ ရကို ရသင့်တယ်။ တကယ်တော့ အပေါ်က ပထမ feature မပါရင်တောင် ကိုယ်လိုချင်တဲ့ ခွဲခြားထားချင်တဲ့ စကားလုံးနာမည်ကို tag တစ်ခုအနေနဲ့ လုပ်ထားပြီး သုံးရင်ရပါတယ်။ Tag ဆိုတာ ဒီလောက်အထိ အသုံးဝင်တာပါ။ ဒါပေမယ့် search လုပ်တဲ့အခါမှာ app အများစုက tag တစ်ခုစာအတွက်ပဲ result ပြပေးတာများတယ်။ Personal + Laravel ဆိုပြီး tag ၂ခုတွဲရှာလို့ ရချင်မှရကြတယ်။ ဒီကြောင့်သာ ပထမ feature ကို လိုအပ်တာပါ။ သူ့သက်ဆိုင်ရာအခြေအနေအလိုက် ပြထားတဲ့ မှတ်စုတွေထဲကမှ ကိုယ်ကြည့်ချင်တဲ့ tag နဲ့ ထပ်ရှာပေါ့။
  • အများကြီးမဖြည့်ရ မခက်ခဲပဲ မှတ်စုတစ်ခုကို သိမ်းနိုင်ရမယ်။ ခေါင်းစဥ်ထည့်ပါဦး၊ စာကိုယ်ထည့်ပါဦး၊ tag ထည့်ပါဦး၊ date ရွေးပါဦး၊ label တပ်ပါဦး၊ link ထည့်ပါဦး စသဖြင့် မှတ်စုတစ်ခုဖြစ်ဖို့အရေးကို အများကြီး ဖြည့်ပြီး မှ ဆိုတာမျိုး မဖြစ်သင့်ဘူး။ ဒါပေမယ့် ဒီလို feature တွေက optional ကိုယ်သုံးချင်ရင်တော့ သုံးဖို့ ထည့်ပေးထားတာမျိုးဆိုရင်တော့ ကောင်းတယ်။
  • Unlimited မှတ်စုတွေလုပ်ထားလို့ရရမယ်။
  • ကိုယ်နေ့စဥ်သုံးနေတဲ့ ကွန်ပျူတာ၊ ဖုန်းတွေအကုန်ကနေ အလွယ်တကူ သုံးလို့ရရမယ်။
  • တစ်နည်းနည်းနဲ့ backup system တစ်ခု ပါရှိရမယ်။
  • အသံဖိုင်တွေ ဗီဒီယိုဖိုင်တွေ သိမ်းလို့မရရင်တောင်မှ ဓါတ်ပုံတွေတော့ သိမ်းလို့ ရရမယ်။
  • စိတ်ချလုံခြုံမှုရှိရမယ်။
  • နေ့စဥ်သုံးရင် စိတ်အနှောက်အယှက်ဖြစ်စရာတွေ မပါရဘူး။ (ဥပမာ။ feature တွေ အစုံပါ အလကားလည်းသုံးလို့ရတယ်၊ ကြော်ငြာတွေတော့ တက်တယ်ဆိုရင်တော့ မဟုတ်သေးဘူး)
  • အရေးအကြီးဆုံး အချက်က ရှာချင်တဲ့ စာလုံးကို စာရိုက်ပြီး ရှာလို့ရရမယ်။

မပါမဖြစ်မဟုတ်ပဲ ပါရင်တော့ ကောင်းတယ်ဆိုတဲ့ features တွေက

  • to-do task တွေပါ တွဲမှတ်လို့ ရတာ
  • reminder တွေ လုပ်ထားလို့ ရတာ
  • ကိုယ့် မှတ်စုကို လွယ်လွယ်ကူကူ web page တစ်ခုအနေနဲ့ လူတိုင်း (သို့) ကိုယ်ပြချင်တဲ့လူတွေ ကြည့်ဖို့ ပြလို့ရတာ
  • မှတ်စုတစ်ခုကို ကိုယ်ပဲမဟုတ်ပဲ တခြားလူတွေကလည်း ကိုယ့်ခွင့်ပြုချက်နဲ့ လာပြီး ဝိုင်းရေးလို့ရတာ
  • အသံဖိုင်တွေ ဗီဒီယိုဖိုင်တွေ သိမ်းလို့ရတာ
  • ကုဒ်တွေ စာတွေကို လှလှပပ ရေးလို့ရတာ
  • ကွန်ပျူတာ browser တွေကနေ web page တစ်ခုကို ကြည့်နေရင်း အလွယ်တကူ မှတ်စုသိမ်းလို့ရတာ
  • မှတ်စုတွေကို text file တွေအနေနဲ့ export, import လွယ်လွယ်ကူကူ လုပ်လို့ရတာ
  • မြန်မာဖောင့် (ယူနီကုဒ်ပေါ့) နဲ့ သုံးလို့ရတာ
  • တခြား app တွေနဲ့ ချိတ်ထားလို့ရတာ
  • API ရှိတာ

၃။ သိမ်းဆည်းပုံ စနစ်တစ်ခုတည်ဆောက်ပါ

ဘယ် notebook app ကို သုံးမယ်ဆိုတာ ရွေးပြီးရင်တော့ အောက်က မေးခွန်းတွေကို ဖြေကြည့်ပြီး ကိုယ်သိမ်းဆည်းချင်တဲ့ မှတ်စုစနစ်တစ်ခုကို အရင်လုပ်ပါ။ ပြီးရင် စနစ်အတိုင်း မှတ်စုတွေ စမှတ်ကြည့်ပါ။ မှတ်ရင်း မှတ်ရင်း တဖြည်းဖြည်း ကိုယ်စဥ်းစားထားတဲ့ စနစ်က ကိုယ့်အတွက် ကိုယ့်အလုပ်တွေ အတွက် ကိုက်မကိုက်သိလာပါလိမ့်မယ်။ မကိုက်ညီရင် စနစ်ကိုပြင်ကြည့်ပါ။ 

  • မှတ်စုတွေကို ဘယ်လို စီစဥ်ပြီးခွဲခြမ်းထားမှာလဲ? (Book/Workspace/View/Category/List feature) အလုပ်လုပ်တဲ့ နေရာတစ်ခုစီအတွက် မှတ်စုတစ်အုပ်ထားမှာလား၊ လုပ်နေရတဲ့ အလုပ်တစ်ခုအတွက် မှတ်စုတစ်အုပ်ထားမှာလား၊ အလုပ်တစ်ခုအတွက် မှတ်စုတစ်ရွက်ပဲထားမှာလား။
  • မှတ်စုတစ်ခု ခေါင်းစဥ်ကို ဘယ်လိုပေးမှာလဲ? အလုပ်နာမည်ကိုပဲ မှတ်စုနာမည်အဖြစ်ပေးတာမျိုး၊ ကိုယ်မှတ်ချင်တဲ့ အကြောင်းအရာရဲ့ ခေါင်းစဥ်ကိုပေးတာမျိုး စသည်ဖြင့်ပေါ့။
  • ဘယ်လို tag တွေသုံးမှာလဲ? ကိုယ်အမြဲတမ်း တစ်ခုခုပြန်ရှာပြီဆို ဘယ်လိုပုံနဲ့ ရှာတတ်တာလဲပေါ်မူတည်ပြီး ဘယ်လို tag တွေသုံးမှာလဲ တစ်ခါတည်း စဥ်းစားထားပါ။ 
  • Notebook app တစ်ခုတည်းကိုပဲ သုံးမှာလား? feature မတူတဲ့ app ၂ခု ၃ခုကို သူ့နေရာနဲ့သူ သုံးမှာလား။ 
  • ဘယ်လိုအရာတွေကို မှတ်စုမှတ်မှာလဲ? ဥပမာ။ ။ပရိုဂရမ်းမင်းနဲ့ ပတ်သက်တာသီးသန့်။ အလုပ်နဲ့ပတ်သက်တာ အကုန်။ ကိုယ်ရေးကိုယ်တာတွေလည်းပါမယ်။

တစ်ခုခုလုပ်ပြီဆိုတိုင်း သက်ဆိုင်ရာ notebook app ကို အမြဲဖွင့်ထားပြီး မှတ်စုမှတ်ရင်း အလုပ်လုပ်တဲ့ အကျင့်ကို ကျင့်ပါ။ တစ်ခုခုက မှတ်သားသင့်ပြီလို့ ထင်တိုင်း app မှာ ချက်ချင်း မှတ်တဲ့ အကျင့်ကို ကျင့်ပါ။


နောက်ဆုံးအနေနဲ့ ကျွန်တော်သုံးတဲ့ notebook app တွေနဲ့ မှတ်စုမှတ်ပုံ မှတ်နည်းတွေကို ပြောပြပါမယ်။ 

ကျွန်တော့် အလုပ်တွေ၊ အလုပ်လုပ်ပုံ၊ စဥ်းစားပုံတွေပေါ် အခြေခံပြီး လုပ်ထားတာဖြစ်တာမို့ ကျွန်တော့်နည်းအတိုင်း လိုက်လုပ်ကြည့်ရင် အဆင်ပြေတဲ့လူလည်းရှိနိုင်သလို မပြေတဲ့လူလည်း ရှိနိုင်ပါတယ်။ 

Notion

ကိုယ်နေ့စဥ်လက်ထဲကိုင်ဆောင်ပြီး အလုပ်နဲ့ပတ်သက်ရင် မှတ်စရာအကုန်မှတ်တဲ့ မှတ်စုစာအုပ်သဘောမျိုးအတွက်  Notion ကို သုံးပါတယ်။ Offline သုံးဖို့အဆင်ပြေအောင် computer ရော phone မှာ ရော app installed ပြီးသုံးပါတယ်။ သူ့မတိုင်ခင်က ကျွန်တော်စိတ်တိုင်းကျ notebook app ရယ်လို့ကို မရှိပဲ တော်တော် ဒုက္ခရောက်ခဲ့တယ်။ Joplin သုံးပေမယ့် ၁၀၀% စိတ်တိုင်းမကျခဲ့ဘူး။ ကျွန်တော်လိုချင်တဲ့ notebook တစ်ခုရဲ့ feature အကုန် ပါလာတဲ့ Notion ကို သိပြီးနောက် သူ့ကိုပဲ အဓိက မှတ်စုစာအုပ်အနေနဲ့ သုံးပါတယ်။

အလုပ်တစ်ခုခုလုပ်တိုင်း ကျွန်တော် ဒါဖွင့်ထားပါတယ်။ Notion ကိုသုံးတဲ့သဘောက ယခုလတ်တလော active ဖြစ်နေတဲ့ အလုပ်တွေနဲ့ ပတ်သက်တာတွေကို မှတ်တာပါ။ အလွယ်အနေနဲ့ Sketchbook ထဲမှာ note page တစ်ခု အမြန်အလွယ်ရေးပြီး မှတ်ချင်တာမှတ်ဖြစ်တယ်။ Sketchbook အောက်မှာ စိတ်ကူးပေါက်တာတွေရော၊ လေ့လာချင်တာတွေရော အကုန်ထည့်ထားဖြစ်တယ်။ Sketchbook note တစ်ခုက တကယ်ကို Project တစ်ခုအနေအထားဖြစ်လာတဲ့အခါကျ Projects အောက်ပို့လိုက်ပါတယ်။ Notion က note page တစ်ခုထဲမှာ sub-page တွေ ကြိုက်သလို ထည့်လို့ရတာမို့ project တစ်ခုအတွက် ပတ်သက်တာအကုန်ကို project နာမည်တပ် note အောက်မှာပဲ သိမ်းထားပါတယ်။ No Status ကတော့ browser ကနေ အလွယ် bookmarklet သုံးပြီး သိမ်းတဲ့ link တွေ၊ ဒီတိုင်း အရေးမကြီးပဲ ဖျက်ချင်လည်းဖျက်လို့ရတဲ့ note တွေသိမ်းတာပါ။ Sketchbook နဲ့ Projects column အောက်က notes တွေများလာပြီး vertical scrollbar နဲ့ကြည့်မှ ရတဲ့ အဆင့်ဆို ဘယ် notes တွေကို ဖျက်သင့်လဲ၊ archive လုပ်သင့်လဲ စိစစ်ပြီး organize လုပ်ပါတယ်။

ဒါက Notion note page တစ်ခုကို မြင်ရတဲ့ ပုံပါ။ ကြိုက်တာ သိမ်းလို့ရပါတယ်။ Link, code snippet, text, image, table အစုံ အစုံပါ။

Joplin

Joplin ကိုတော့ ကျွန်တော့်မှတ်စုစာရွက်စာအုပ် အဟောင်းတွေကို စနစ်တကျသိမ်းတဲ့ စာအုပ်ဗီဒိုသဘောမျိုး သုံးပါတယ်။ Notion notes တွေများလာပြီး အဟောင်းတွေရှိနေပြီ organize ဖို့လိုနေပြီဆို Notion note pages တွေကို export သို့မဟုတ် copy/paste ပြီး Joplin ထဲမှာ သူ့နေရာနဲ့သူထည့်ပါတယ်။ တကယ်တော့ Notion မှာပဲ archive လုပ်ချင် လုပ်လို့ရပါတယ်။ ဒါပေမယ့် Notion က open-source မဟုတ်ပဲ commercial business တစ်ခုဖြစ်နေတော့ အပြည့်အဝမယုံတာပါ။ အကြောင်းကြောင်းနဲ့ သူတို့မှာ အပြောင်းအလဲတစ်ခုခုဖြစ်လို့ ကိုယ့်မှတ်စုတွေကို ထိခိုက်မှာ မလိုလားလို့။ Joplin က notes တွေကို ကိုယ့် device ထဲမှာပဲသိမ်းပြီး cloud မှာ သိမ်းမယ်ဆိုလည်း ကိုယ်ပိုင် storage service ဖြစ်တဲ့ (dropbox, gdrive) တို့မှာပဲ သိမ်းလို့ရတာ တစ်ခုက အရမ်းကောင်းတဲ့ အချက်ပါ။ သူ့မှာလည်း mobile app ရှိပေမယ့် ကျွန်တော်က archive ပဲလုပ်တာမို့ computer မှာပဲ app install ပြီးသုံးပါတယ်။

Notion က Project status အောက်က project တစ်ခုစီရဲ့ note pages တွေကို Joplin ရဲ့ Projects Notebook အောက်မှာသိမ်းပါတယ်။ Notion က Sketchbook, No Status note pages တွေကိုတော့ Research, Snippets, Solutions Notebook တွေအောက်မှာ သက်ဆိုင်ရာအလိုက် ထည့်ပါတယ်။ Safe Box မှာကတော့ SSH key တွေ၊ Server info တွေ စသဖြင့် အရေးကြီးတဲ့အချက်တွေ သိမ်းပါတယ်။ (Joplin မှာ Encryption feature ပါဝင်တာကလည်း အားသာချက်တစ်ခုပါ။) Notion မှာ Status column ရယ် Project name ရယ်နဲ့ပဲ note တွေကို အဓိက ခွဲခြားသိမ်းပြီး Tag feature မသုံးပါဘူး။ Notion မှာ ရှာချင်တာကို ကွန်ပျူတာ screen ပေါ်မှာပဲ မျက်လုံးနဲ့ ရှာလို့ ရနေတာမို့လို့ပါ။ Joplin ကတော့ archive လုပ်တာဆိုတော့ notes တွေ များပြီးရင်းများလာမှာမို့ tag တွေထည့်ပေးပြီးသုံးပါတယ်။ Notion notes တွေကို organize လုပ်ပြီး Joplin ထဲထည့်တာ ခဏခဏလုပ်ရတဲ့ အလုပ်မဟုတ်ပေမယ့် တစ်ခါလုပ်ရင်တော့ အချိန်သေချာပေးပြီး စနစ်တကျလုပ်ပါတယ်။ 

Others

စာအုပ်အလတ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းကိုလည်း ကျွန်တော်အလုပ်ကိစ္စတွေသွားရလာရရင် ကိုယ်နဲ့မကွာဆောင်ထားဖြစ်တယ်။ Meeting လုပ်တိုင်း laptop မှာတန်းပြီး note မမှတ်ဖြစ်ပေမယ့် စာအုပ်မှာ ချရေးဖို့ကတော့ အလွယ်ဆုံး အမြန်ဆုံးမို့ပါ။ Phone ထဲမှာ Notion app ရှိပေမယ့် ကွန်ပျူတာမှာသုံးရတာလောက်တော့ မမြန်ဆန်လို့ ဖုန်းနဲ့ မှတ်ရမယ်ဆို Google Keep မှာ ယာယီမှတ်ပါတယ်။ တတ်နိုင်သမျှတော့ ဖုန်းနဲ့ note မမှတ်ပဲ ကွန်ပျူတာမှာပဲ တိုက်ရိုက်မှတ်ရင်မှတ် မဟုတ်ရင် စာအုပ်မှာ မှတ်တာပိုများပါတယ်။

ကိုယ်တိုင်ကသာ တစ်ခြားသူတွေကို အသံဖိုင်နဲ့ လုပ်ရန် အလုပ်တွေပေးဖြစ်ပေမယ့်၊ ကိုယ့်ဟာကို မှတ်စုကိုတော့ စာနဲ့ပဲ မှတ်ဖြစ်ပါတယ်။ ဖုန်းမှာ အသံဖမ်းလို့ရပေမယ့် ဘယ်တော့မှ မဖမ်းဖြစ်ပါဘူး။ ဖမ်းပြီးလည်း ဘယ်အချိန်မှာမှ ပြန်နားမထောင်ဖြစ်ဘူးဆိုတာ ကိုယ့်ဟာကို သိနေတာမို့ပါ။


ပရိုဂရမ်မာတစ်ယောက်နေ့စဥ်ဘဝအတွက် အထောက်အကူအများကြီးရတဲ့ မှတ်စုမှတ်ဖို့ အကျင့်လေး ရှိအောင် လုပ်ကြည့်ကြပါလို့ တိုက်တွန်းရင်း အဆုံးသတ်ပါတယ်။